
The Runner (2026)
+++++++++
ဒီဇာတ်ကားကတော့ Action, Crime နဲ့ Real-Time Psychological Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ The Last King of Scotland နဲ့ Touching the Void တို့ကို ရိုက်ကူးခဲ့တဲ့ အော်စကာဆုရှင် ဒါရိုက်တာ Kevin Macdonald က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Wonder Woman မင်းသမီးချော Gal Gadot, Emmy ဆုရှင် မင်းသားကြီး Damian Lewis, Alfred Enoch နဲ့ Rory Wilmot တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ လန်ဒန်မြို့ရဲ့ ထိပ်တန်း အမှုလိုက် ရှေ့နေမတစ်ယောက်ဖြစ်တဲ့ Maia Marten (Gal Gadot) ဆီကနေ စတာပါ။
သားဖြစ်သူ Noah နဲ့အတူ အဆင်ပြေနေတဲ့ ဘဝကို တည်ဆောက်ထားတဲ့ မိုင်ယာတစ်ယောက် မနက်ခင်း ပုံမှန်ပြေးနေကျ လမ်းကြောင်းအတိုင်း ပြေးနေတုန်းမှာပဲ ကံကြမ္မာဆိုးကြီး ဝင်ရောက်လာပါတော့တယ်။
အမည်မသိ လျှို့ဝှက်လူတစ်ယောက် (Damian Lewis) ဆီကနေ သူ့ရဲ့ သားလေး ပြန်ပေးဆွဲခံလိုက်ရပြီဖြစ်ကြောင်း ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာခဲ့ပါတယ်။ သားဖြစ်သူကို အသက်ရှင်လျက် ပြန်လိုချင်ရင် ပြေးတာကို လုံးဝမရပ်တန့်ဖို့၊ ဘယ်သူ့ကိုမှ အသိမပေးဖို့နဲ့ ဖုန်းထဲကနေ ပေးတဲ့အမိန့်တိုင်းကို တစ်သဝေမတိမ်း လိုက်နာရမယ်ဆိုတဲ့ အကျပ်ကိုင် ခြိမ်းခြောက်မှုကို ရင်ဆိုင်ရပါတော့တယ်။
လျှို့ဝှက်ဖုန်းခေါ်ဆိုသူဟာ နည်းပညာတွေနဲ့ သူမရဲ့ ဘဝတစ်ခုလုံးကို စောင့်ကြည့်ထိန်းချုပ်ထားပြီး၊ လန်ဒန်မြို့ကြီးရဲ့ လူစည်ကားလှတဲ့ လမ်းမတွေပေါ်မှာ အချိန်နဲ့အပြိုင် အသည်းအသန် ပြေးလွှားစေရင်း အန္တရာယ်ကြီးမားလှတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ အမိန့်ပေးပါတော့တယ်။
သားဖြစ်သူရဲ့ အသက်ကိုကယ်တင်ဖို့အတွက် မိခင်တစ်ယောက်ရဲ့ မဆုတ်မနစ်တဲ့ ချစ်ခြင်းမေတ္တာ၊ ခွန်အားတွေနဲ့အတူ အချိန်ကန့်သတ်ချက် တစ်နာရီကျော်အတွင်း လန်ဒန်မြို့အနှံ့ အသက်လု ပြေးလွှားရမဲ့ သည်းထိတ်ရင်ဖို Ticking-Clock အက်ရှင်ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ အော်စကာဆုရှင် ရုပ်ရှင်ဓာတ်ပုံဆရာ Anthony Dod Mantle ရဲ့ လက်ရာပီပီ လန်ဒန်မြို့ရဲ့ အလှအပနဲ့ လူထုကြားက မွန်းကြပ်စရာ ပြေးလွှားမှုတွေကို Real-Time စတိုင်နဲ့ လက်တွေ့ဆန်ဆန် ရိုက်ကူးပြသထားတာပါ။
မင်းသမီး Gal Gadot ရဲ့ အသက်ဝင်တဲ့သရုပ်ဆောင်ချက်တွေအပြင် Damian Lewis ရဲ့ အေးစက်စက် အသံနဲ့ ဖုန်းထဲကနေ ခြိမ်းခြောက်နိုင်တဲ့ စိတ်ပညာ အားပြိုင်မှုတွေကြောင့် အသက်ရှူမှားလောက်တဲ့ Survival Thriller ဇာတ်ကား ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုရမဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။