
Stranglehold (2026)
+++++++
သေနတ်တွေ အက်ရှင်တွေလည်းပါရမယ်၊ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာလည်းကောင်းရမယ်၊ ရယ်လည်းရယ်ရမယ်ဆိုတဲ့ ဇာတ်ကားသစ်မျိုးကိုရှာနေရင်တော့ ဒီရုပ်ရှင်သစ်ကိုမလွတ်တမ်းကြည့်လိုက်ကြဖို့ အကြံပေးချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ငွေကြေးကျပ်တည်းနေတဲ့ လင်မယားနှစ်ယောက်ဟာ သမီးလေးအတွက် ခရစ္စမတ်လက်ဆောင်ဝယ်ဖို့အရေး ဇနီးဖြစ်သူအလုပ်လုပ်တဲ့ အဖော်အချွတ်ကလပ်ကို ဓားပြတိုက်ဖို့ ကြံစည်ကြပါတယ်။
သူတို့ ဓားပြတိုက်ဖို့ ကြံစည်ထားတဲ့နေ့ကလည်း သာမန်နေ့တစ်နေ့မဟုတ်ဘဲ အနယ်နယ်အရပ်ရပ်က ဂိုဏ်းခေါင်းဆောင်တွေ မူးယစ်ရာဇာတွေစုဝေးပြီး အဲဒီအဖော်အချွတ်ကလပ်မှာ ခရစ္စမတ်ပါတီလုပ်မဲ့ နေ့ပဲဖြစ်ပါတယ်။ တစ်ကားလုံးမှာ အမိုက်စား အက်ရှင်ခန်းတွေ၊ သွေးသံရဲရဲ ပစ်ခတ်မှုတွေနဲ့အတူ မမျှော်လင့်ထားတဲ့ ဟာသတွေကြောင့် ရယ်နေရမှာဖြစ်ပြီး လူ့လောကရဲ့ ငွေကြေးအခက်အခဲနဲ့ မိသားစုသံယောဇဉ်ကိုလည်း Dark Comedy ဆန်ဆန် သရော်ထားတာကို တွေ့ရမှာပါ။
မင်းသမီး Ashley Benson နဲ့ မင်းသား Jake Lacy တို့ရဲ့ အပေးအယူမျှမျှ သရုပ်ဆောင်မှုတွေအပြင်၊ Ron Perlman တို့လို ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားလို့ ဇာတ်ရှိန်ကျသွားတာမျိုးမရှိဘဲ ဇာတ်လမ်းအဆုံးထိ တောက်လျှောက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။
အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုနိုင်မယ့် Crime Comedy ဇာတ်ကားကောင်းတစ်ကားမို့ ရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ကားကောင်းလေးအဖြစ် ညွှန်းဆိုပေးလိုက်ချင်ပါတယ်။