ကလေးဘဝကတည်းက အမေရိကန်နိုင်ငံမှာ မွေးစားခံလိုက်ရပြီး ကျွမ်းကျင်လက်မောင်းလှဲကစားသမားတစ်ယောက်ဖြစ်လာတဲ့ မာ့ခ်၊ မိသားစုကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီး လူဆိုးလူညစ်လုပ်ရင်း ပိုက်ဆံရှာနေတဲ့ ဂျင်ကီ၊ မာ့ခ်ဟာ အမေရိကန် လက်မောင်းလှဲ အားကစားအသင်းတစ်ခုမှာ ဝင်ရောက်ကစားကာ အောင်ပွဲတွေဆက်တိုက်ရခဲ့ပေမယ့် အကြောင်းတစ်ခုကြောင့် ထုတ်ပယ်ခံခဲ့ရတော့ သူဟာ ကလပ်တွေ ဘားတွေ စူပါမားကတ်တွေမှာ လုံခြုံရေးသမားအဖြစ် ကြုံရာ လုပ်ကိုင်ရင်း မာ့ခ်တစ်ယောက် ဂျင်ကီနဲ့ ရင်းနှီးလာပြီးနောက် ဂျင်ကီရဲ့ဆွဲဆောင်မှုနဲ့ ကိုရီးယားက လက်မောင်းလှဲပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ဖြစ်လာခဲ့တယ်။
နှစ် ၃၀ ကြာမှ ပထမဆုံးအကြိမ် မွေးရပ်မြေကို ပြန်ရောက်ခဲ့ပြီး ဂျင်ကီက မွေးအမေရဲ့လိပ်စာကိုပေးခဲ့တော့ တွန့်ဆုတ်ခြင်းတွေနဲ့ သွားခဲ့ပြီး ရှိမှန်းမသိခဲ့တဲ့ ညီမလေးတစ်ယောက်ရဲ့မိသားစုနဲ့ ဆုံတွေ့ခဲ့တယ်။ သူဆုံတွေ့ခဲ့တဲ့ မိသားစုက တကယ်ရော သူနဲ့ သွေးသားတော်စပ်တဲ့ မိသားစုဖြစ်ပါ့မလား၊ ကလေးဘဝကတည်းက စွန့်ပစ်ခံခဲ့ရတဲ့ မာ့ခ်တစ်ယောက် ပြန်လည်ဆုံတွေ့ရတဲ့မိသားစုရဲ့အားပေးမှုတွေနဲ့ ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ပြင်ဆင်ပြီး ချန်ပီယံတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။ နာမည်ကြီးမာဒုန်ဆော့ရဲ့ ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်ရှုအားပေးကြပါဦး။