အနောက်တိုင်းနိုင်ငံတွေရဲ့ ဥပဒေအရ ကလေးငယ်တွေရဲ့ အဖေအမေတွေ သေဆုံးသွားတဲ့အခါ ကျန်တဲ့အဖိုးအဖွား ဆွေမျိုးတွေကစောင့်ရှောက်ဖို့ မသင့်တော်ဘူးဆိုရင် မြို့နယ်တရားရုံးကနေ အဲ့ကလေးတွေကို စောင့်ရှောက်ရေးအိမ်တွေ ဂေဟာတွေကိုပို့ပေးလေ့ရှိပါတယ်။
ဒီဇာတ်ကားထဲမှာပါဝင်ကြတဲ့ကလေးတွေကလည်း အဲ့လိုစောင့်ရှောက်ရေးအိမ်မှာ နေနေကြတဲ့ကလေးတွေပေါ့။ တစ်နေ့မှာ Crescent လမ်းက ကလေးစောင့်ရှောက်ရေးအိမ်ကို လစ်ဘာတီဆိုတဲ့ကောင်မလေးတစ်ယောက်အသစ်ရောက်လာပါတယ်။ သူရောက်လာပြီးမကြာဘူး ၊ အိမ်ပိုင်ရှင်က အိမ်ကိုရောင်းထုတ်လိုက်လို့ အဲ့မှာရှိတဲ့ကလေးတွေအကုန်တကွဲတပြားဖြစ်ကုန်တော့မယ့် အခြေအနေကိုရောက်လို့လာပါတော့တယ်။ လစ်ဘာတီက အိမ်သန့်ရှင်းရေးလုပ်ရင်း လွန်ခဲ့တဲ့ 25 နှစ်ကျော်လောက်က အဲ့အိမ်မှာနေခဲ့တဲ့ ကရီနာဆိုတဲ့ကောင်မလေးရေးထားတဲ့စာကိုရှာတွေ့သွားပြီး သူတို့ကလေးတစ်သိုက် စာထဲမှာရေးထားတဲ့အတိုင်း ကရီနာကိုလိုက်ရှာပါတော့တယ်။
ဒီကလေးတစ်သိုက် ကရီနာကိုရှာတွေ့သွားမှာလား? အိမ်ပြောင်းပြီးတကွဲတပြားတွေဖြစ်ကုန်ကြမှာလား? ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးလေးခံစားကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။