
Patton (1970)
၁၉၇၀ ခုနှစ်က ထွက်ရှိခဲ့ပြီး အော်စကာဆု ၇ ဆု ရရှိခဲ့တဲ့ ဒါရိုက်တာ Franklin J. Schaffner ရဲ့ စစ်ပွဲဆိုင်ရာ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် စစ်တပ်ရဲ့သမိုင်းမှာ လူသိအများဆုံးနဲ့ အငြင်းပွားဖွယ်ရာ အကောင်းဆုံး ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးပက်တန်ရဲ့ စစ်ပွဲရေးရာ စွမ်းဆောင်ရည်နဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ။
ဗိုလ်ချုပ်ပက်တန်ဟာ စစ်မြေပြင်မှာ ရဲရင့်ပြီး ထက်မြက်တဲ့ စစ်ဗျူဟာမှူးတစ်ယောက်ဖြစ်သလို သူ့ရဲ့ပြတ်သားလွန်းတဲ့ စကားပြောပုံနဲ့ စည်းကမ်းတင်းကျပ်တဲ့ အကျင့်စရိုက်ကြောင့် အထက်အရာရှိတွေ မဟာမိတ်အဖွဲ့တွေနဲ့ တပ်သားတွေအကြားမှာလည်း အမြဲတမ်း အဆင်မပြေမှုတွေ ရှိနေသူလည်း ဖြစ်နေပြန်ပါတယ်။
မြောက်အာဖရိက စစ်မြေပြင်မှာ စိတ်ဓာတ်ကျဆင်းနေတဲ့ အမေရိကန်တပ်ဖွဲ့ကို ပြန်လည်စုစည်းပြီး ဂျာမနီစစ်တပ်ကို စိန်ခေါ်ခဲ့တဲ့ ကြီးမားတဲ့စစ်ပွဲကြီးက စတင်ခဲ့ပါတော့တယ်။
ဒီဇာတ်ကားကတော့ စစ်ပွဲတွေအပြင် အာဏာ၊ စစ်ဗျူဟာ၊ ခေါင်းဆောင်မှုနဲ့ ကိုယ့်ရဲ့မာနကို ထိန်းချုပ်နိုင်ခြင်းတို့ကြားက ပဋိပက္ခကိုပါ စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။
စစ်ပွဲဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် တိုက်ပွဲခန်းတွေချည်းမဟုတ်ဘဲ ဇာတ်ကောင်ရဲ့ စိတ်နေစိတ်ထားနဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုပါ နက်နက်ရှိုင်းရှိုင်း ခံစားကြည့်ရှုနိုင်မဲ့ ဂန္ထဝင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။